COVID-19 နောက်ပိုင်းကာလတွင်၊ တကမ္ဘာလုံး၏ လူနေမှုပုံစံပြောင်းလဲလာပြီး သတင်းဖတ်ရှုခြင်း၊ စျေးဝယ်ခြင်းနှင့် အွန်လိုင်းဖြင့် ငွေကြေးလွှဲပြောင်းခြင်းများပြုလုပ်ရန်အတွက် စမတ်ဖုန်းများကို မှီခိုအားထားမှု တိုးလာပါသည်။ ဤသို့ အမြဲတစေအသုံးပြုမှုသည် Text Neck Syndrome သို့မဟုတ် နာတာရှည် လည်ပင်းရိုးနာကျင်ခြင်းများမှတဆင့် လည်ပင်းရိုး အဆစ်ပြားကျွံရောဂါ ဖြစ်ပေါ်လာနိုင်ခြေကို မြင့်မားစေပါသည်။
ထိုင်းလူမျိုးများ၏ စမတ်ဖုန်းအသုံးပြုမှု… မည်သည့်အတိုင်းအတာအထိ စွဲလမ်းမှုရှိနေပါသနည်း။
ဆိုရှယ်မီဒီယာ အသုံးပြုမှုကိုလေ့လာအထူးပြု ပလက်ဖောင်းဖြစ်သည့် Hootsuite မှ ဇန်နဝါရီ ၂၀၂၀ တွင်ထုတ်ပြန်သည့် ထိုင်းနိုင်ငံဆိုင်ရာ ဒစ်ဂျစ်တယ် အစီရင်ခံစာအရ ထိုင်းနိုင်ငံသား ခန့်မှန်းခြေ ၆၉.၇၁ သန်းသည် မိုဘိုင်းလ်ဖုန်း အလုံး ၉၃.၃၉ သန်း (မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များအပေါ် အခြေခံ၍ ထိုးဖောက်မှုနှုန်း ၁၃၄ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်)။ ထို့အပြင် လူ ၅၂ သန်း (၇၅ ရာခိုင်နှုန်း) သည် အင်တာနက်အသုံးပြုသူများဖြစ်ပြီး ထိုသူများသည် ဆိုရှယ်မီဒီယာကို ပုံမှန်အသုံးပြုသူများသည်။
ထိုင်းလူမျိုးများ၏ ပုံမှန်လက်ကိုင်ဖုန်းနှင့် ဆိုရှယ်မီဒီယာအသုံးပြုမှု တဖြည်းဖြည်း မြင့်တက်လာသည်ကို ကိန်းဂဏန်းစာရင်းဇယားများက မီးမောင်းထိုးပြနေပါသည်။ ထိုသူများသည် နာတာရှည်လည်ပင်းနာခြင်းဖြစ်နိုင်ခြေများသူများ စာရင်းတွင် ထည့်သွင်းထားပြီး၊ ဖုန်းကိုအချိန်ကြာမြင့်စွာ ငုံ့ကြည့်ခြင်းဖြင့် ပိုမိုဆိုးရွားသော Text Neck Syndrome ဖြစ်နိုင်ခြေ အန္တရာယ်ရှိသူများအဖြစ်သက်မှတ်ထားပါသည်။ ဤထပ်တလဲလဲလုပ်ဆောင်မှုသည် လက်မောင်းများအထိ ဆင်းသွားနိုင်သည့် လည်ပင်းနာကျင်မှု အပါအဝင် သိသိသာသာ မသက်မသာဖြစ်စေနိုင်သည်။
Text Neck Syndrome ဖြစ်နိုင်ခြေ အန္တရာယ်အချက်များ
အပြည်ပြည်ဆိုင်ရာ ခွဲစိတ်ကုသမှုနည်းပညာ အဖွဲ့ (Surgical Technology International) မှ လေ့လာမှုတစ်ခုအရ စမတ်ဖုန်းအသုံးပြုသူများသည် ၎င်းတို့၏ ကျောရိုးများကို နှစ်စဉ် နာရီပေါင်း ၁၀၀၀ မှ ၁၄၀၀ အထိ ရှေ့သို့ ကွေး နေစေကြောင်း ဖော်ပြထားပါသည်။
ခန့်မှန်းခြေအားဖြင့် ၄-၅ ကီလိုဂရမ် အလေးချိန်ရှိသော လူ၏ဦးခေါင်းသည် ဖုန်းကို ငုံ့ကြည့်သည့်အခါ ရှေ့သို့ ရွေ့လျားသွားသည်။ ဦးခေါင်းကွေးခြင်း၏ဒီဂရီပေါ်မူတည်၍ လည်ပင်းကို ထောက်ထားရမည့် အလေးချိန်ကို တိုးစေပြီး ၁၅ ဒီဂရီစောင်းတိုင်း အလေးချိန် ၂၇ ကီလိုဂရမ်အထိ ထပ်လောင်းတိုးစေပါသည်။ ဤရောဂါသည် လည်ကုတ်နာကျင်ခြင်းအဖြစ် ထင်ရှားပြီး အကယ်၍ မကုသဘဲထားပါက နာတာရှည်ရောဂါကို ဖြစ်စေနိုင်ပါသည်။ အချို့သောလူနာများသည် လည်ကုတ်ရိုးရှိ အာရုံကြောဖိမှုကြောင့် လက်မောင်းများ ထုံကျင်ခြင်း၊ လည်ပင်းမှ လက်များအထိ နာကျင်မှုကူးစက်လာခြင်း သို့မဟုတ် လည်ကုတ်ရိုးရှိ အာရုံကြောများ ဖိသိပ်ခြင်းကြောင့် လက်မောင်းနှင့် လက်များ အားနည်းခြင်းတို့ကို ခံစားရနိုင်ပါသည်။ ဤလက္ခဏာများသည် အဓိကအားဖြင့် အချိန်ကြာမြင့်စွာ ခေါင်းငုံ့ထားသော ကိုယ်ဟန်အနေအထားကြောင့် လည်ပင်းရိုး အဆစ်ပြားကျွံခြင်း ဖြစ်ပါသည်။
- ဦးခေါင်းကို ၃၀ ဒီဂရီ ကွေးခြင်းသည် လည်ပင်းအလေးချိန်ကို ၁၈ ကီလိုဂရမ်အထိ တိုးစေပါသည်။
- ဦးခေါင်းကို ၄၅ ဒီဂရီ ကွေးခြင်းသည် လည်ပင်းအလေးချိန်ကို ၂၂ကီလိုဂရမ်အထိ တိုးစေပါသည်။
- ဦးခေါင်းကို ၆၀ ဒီဂရီ ကွေးခြင်းသည် လည်ပင်းအလေးချိန်ကို ၂၇ ကီလိုဂရမ်အထိ တိုးစေပါသည်။
နာတာရှည် လည်ပင်းနာခြင်းကို ကာကွယ်ခြင်း။
လည်ကုတ်ရိုး အဆစ်ပြားကျွံခြင်း နှင့် Text Neck Syndrome ကိုကာကွယ်ခြင်းသည် ကိုယ်ဟန်အနေအထားနှင့် အသုံးပြုမှုကြာချိန်အပါအဝင် လက်ကိုင်ဖုန်းအသုံးပြုမှုအလေ့အထများကို ဆင်ခြင်ရန်လိုအပ်ပါသည်။ လည်ပင်း နှင့် ကိုယ်ဟန်အနေအထားကို တတ်နိုင်သမျှ မတ်နေစေရန်ထိန်းထားခြင်း၊ ထိုင်လျှင် ခါးမကိုင်းစေရန် သတိထားခြင်းနှင့် ဖုန်းအသုံးပြုနေစဉ် ပခုံးကို မတ်မတ်ထားခြင်းဖြစ်ပါသည်။ အထူးသဖြင့် ကြာရှည်အသုံးပြုနေစဉ်အတွင်း ကိုယ်ဟ န်အနေအထားကို ပုံမှန်ပြောင်းပြီး မကြာခဏ လဲရန်အနားယူခြင်းတို့ကိုလည်း အကြံပြုထားပါသည်။
Text Neck Syndrome ကိုကုသရာတွင် အပိုင်းသုံးပိုင်း ပါဝင်ပါသည်-
ခန္တာကိုယ်ပြန်လည်ထူထောင်ရန် လေးကျင့်ခန်းပြုလုပ်ခြင်း- ရောဂါလက္ခဏာများကိုသက်သာစေရန် သင့်လျော်သော နည်းဖြင့် ကြွက်သားများ ပြေလျော့စေခြင်း၊ ဆန့်ထုတ်ခြင်း၊ အားကောင်းစေခြင်းနှင့် သင့်လျှောသော ကိုယ်ဟန်အနေအထားကို လေ့လာခြင်းများဖြစ်ပါသည်။
ရောင်ရမ်းခြင်းနှင့် ကြွက်သားတင်းမာမှုကို သက်သာစေသော ဆေးဝါးများသည် လည်ပင်းရိုးနာကျင်မှုကို သက်သာစေနိုင်ပါသည်။
ရောဂါလက္ခဏာ ပြင်းထန်သောကြောင့် ကျောရိုး သို့မဟုတ် ကျောရိုးအဆစ်ပြားယိုယွင်းခြင်း နှင့်အတူ အာရုံကြောမကြီး သို့မဟုတ် အာရုံကြောအမြစ်အား ကိုဖိသိပ်ခြင်းရှိသော လူနာများတွင် မှန်ပြောင်းအသုံးပြု၍ သို့မဟုတ် လေဆာဖြင့် ခွဲစိတ်ကုသမှုကိုခံယူရန် စဉ်းစားသင့်ပါသည်။
လက်ရှိတွင် လည်ပင်းရိုးပြဿနာများကို MIS သို့မဟုတ် လည်ကုတ်အပေါက်ဖေါက်၍ခွဲစိတ်ခြင်း (laparoscopic) တို့မှတစ်ဆင့် ဖြေရှင်းနိုင်ပါသည်။ ဤနည်းပညာတွင် ခွဲစိတ်ဆရာဝန်များသည် ပစ်မှတ်ထားသောနေရာကို အတိအကျကြည့်ရှုနိုင်စေမည့် ကင်မရာနှင့် ခွဲစိတ်ကိရိယာများ ထည့်သွင်းရန် သေးငယ်သော ခွဲစိတ်မှုတစ်ခု ပြုလုပ်ခြင်းပါဝင်ပါသည်။ MIS သည် နာကျင်မှုနည်းပါးခြင်း၊ ပြန်လည်နာလန်ထူချိန်ကို လျှော့ချပေးခြင်း၊ အာရုံကြောပျက်စီးနိုင်ခြေကို သိသိသာသာ လျော့ကျစေခြင်း များအပြင် ဤကုသမှုနည်းလမ်းသည် လူနာအတွက် အန္တရာယ်နဲပါးပြီး ပိုမိုထိရောက်သောကြောင့် သမားရိုးကျခွဲစိတ်မှုထက် လူနာကို ပိုမိုမြန်ဆန်စွာ ပြန်လည်ထူထောင်နိုင်စေပါသည်။
သင်သည် စမတ်ဖုန်းနှင့် ဆိုရှယ်မီဒီယာကို မကြာခဏအသုံးပြုသူဖြစ်ပါက Text Neck Syndrome သို့မဟုတ် ကျောရိုးအဆစ်ပြားကျွံခြင်းရောဂါ ဖြစ်နိုင်ခြေမြင့်မားသောအုပ်စုတွင် ရှိနေပါသည်။ ဤပြဿနာများကိုရှောင်ရှားရန်အတွက် လက်ကိုင်ဖုန်းအသုံးပြုချိန်ကိုလျှော့ချရန်နှင့် သင့်လျော်သော ကိုယ်ဟန်အနေအထားဖြင့် ဖုန်းအသုံးပြုသည့်အလေ့အထများသို့ပြောင်းလဲရန် စဉ်းစားသင့်ပါသည်။ ထိုရောဂါနှင့်ဆက်စပ်သောရောဂါလက္ခဏာများ ခံစားရပါက လည်ပင်းနှင့် ကျောရိုးနာကျင်မှုများကို တိကျသောရောဂါရှာဖွေမှုနှင့် ကုသမှုကိုရရှိနိုင်ရန် ကျောရိုးနှင့် အာရုံကြောကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါသည်။